Saturday, July 28, 2007

ဝီစီမှုတ်သူများ


ဝီစီမှုတ်သူများဆိုတော့ ယာဉ်ထိန်းရဲ အကြောင်းဖတ်ရတော့မယ်လို့ထင်ရင် မဟုတ်ပါဘူးလို့ပြောပါရစေ။

ဝီစီမှုတ်သူများဆိုတာ အင်္ဂလိပ်စာလုံး (whistleblower) ကို ဘာသာပြန်လိုက်တာဖြစ်ပြီး၊ မိမိနေထိုင် ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ တရားမဲ့မှုတွေ၊ အရှုပ်အထွေးတွေ၊ မသန့်ရှင်းတာတွေ၊ အမြင်မတော် တာတွေကို ထုတ်ဖော်ပြောဆိုတဲ့လူလို့ ရည်ညွှန်းပါတယ်။

ပုဂ္ဂလိကလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ ၀ီစီမှုတ်သူတွေလိုအပ်သလို၊ ဌာနဆိုင်ရာနဲ့ အစိုးရ အဖွဲ့အစည်းတွေမှာလည်း ဒီလိုလူတွေ လိုအပ်တာပါပဲ။

အခုအချိန်လို နိုင်ငံတော်က သန့်ရှင်းသောအစိုးရ ဖော်ဆောင်ရေး ဆောင်ရွက်နေချိန်မှာ ၀ီစီမှုတ်သူတွေ ပိုလိုအပ်ပါတယ်။ ဌာနဆိုင်ရာတွေကလည်း ၀ီစီမှုတ်သူတွေကို လမ်းဖွင့်ပေးထားပါတယ်။ ဘယ်လို မတရားမှု တွေ၊ ဘယ်လိုအနိုင်ကျင့်မှုတွေ၊ ၀န်ထမ်းတွေက အခွင့်အရေးတွေကို ဘယ်လိုအလွဲသုံးစားလုပ်ခဲ့ရင် ဘယ်ဝန်ကြီး၊ ဘယ်လူကြီးရဲ့ ဘယ်ဖုန်းနံပါတ်ကို တိုက်ရိုက်ချိတ်ဆက်တိုင်ကြားနိုင်ပါတယ်ဆိုတာ ၀ီစီမှုတ်သူတွေအတွက် လမ်းတွေဖွင့်ပေးထားတာပဲဖြစ်ပါတယ်။

ထင်ရှားတဲ့ နောက်သာဓကတစ်ခုကတော့ အစိုးရထုတ်သတင်းစာတွေမှာ ပါရှိတတ်တဲ့၊ ဂျာနယ်တွေမှာ ပါတတ်တဲ့ လူထုအော်သံလိုကဏ္ဍ၊ ပြည်သူ့အသံလိုကဏ္ဍ၊ အယ်ဒီတာထံပေးစာလို ကဏ္ဍကနေပြီး စည်ပင်သာယာနဲ့ပတ်သက်လို့ ပတ်ဝန်းကျင်ကို ထိခိုက်ခံစားရတာနဲ့ပတ်သက်လို့၊ ကျောင်းသားလူငယ်တွေ ထိခိုက်ခံစားရတာနဲ့ပတ်သတ်လို့ လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်နိုင်တာပဲဖြစ်ပါတယ်။ ဒီနေရာမှာလည်း ၀ီစီမှုတ်သူတွေကို တွေ့နိုင်ပါတယ်။

အားနာတတ်သူများ

မြန်မာတွေရဲ့ ပင်ကိုယ်စရိုက်လက္ခဏာထဲမှာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှမရှိတဲ့ အားနာတတ်ခြင်းဆိုတာ ပါပါတယ်။ တစ်ယောက်က မဟုတ်တာ၊ မတော်တာလုပ်ရင် ကိုယ့်ကိုယ်လည်းထိခိုက်တယ်ဆိုရင် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်တယ်ဆိုရင် ပြောရမယ့်အစား မပြောဘူး။ အားနာပါတယ်လေ၊ ရှက်သွားပါမယ်လေဆိုပြီး မပြောဘူး။ တစ်ခါတစ်ခါတော့ ပြောလိုက်ရင် မကောင်းဘူး။ ငါ့ကိုအခင်အမင် ပျက်သွားမယ်။ အခွင့်အရေးပိတ်သွားမယ်လို့ တွေးကြောက်သူတွေလည်းရှိတယ်။

အဲဒီလိုမပြောတော့ (၀ီစီမမှုတ်တော့) တစ်ဖက်လူကလည်း ဒီလူတော့ ငါလုပ်တာ၊ ငါပြောတာ လက်ခံကျေနပ် တယ်ထင်ပြီး ဆက်လုပ်ကြတယ်။ အဲဒီတော့မှ အနိုင်ကျင့်သလိုကြီးဖြစ်ပြီးခံရတယ်။ ကိုယ် ခံရတာကို ပြုမူသူကို တိုက်ရိုက်သာ မပြောကြတာ နောက်ကွယ်မှာတော့ အတင်းအုပ်ကြတယ်။ မကောင်းပြောကြတယ်။ တစ်ခါတစ်ခါတော့ တို့မြန်မာတွေလွဲသလားလို့တွေးမိတယ်။

ကြောက်၍ ရှောင်ကြသူများ

တစ်ခါတစ်ခါမှာတော့ မဟုတ်တာလုပ်တာကိုတွေ့ပါရက်နဲ့ မပြောကြတာဟာ အလုပ်တွေရှုပ်မှာစိုးလို့။ ကိုယ်ပါ အချောင်ပါသွားမှာစိုးလို့ မပြောကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘတ်စ်ကားပေါ်မှာ ခရီးသည်ဆီက ခါးပိုက်နှိုက်က နှိုက်နေတာကို တွေ့ပါရက်နဲ့ ကိုယ့်ကိုရန်ပြုမှာစိုးလို့ (ဓားနဲ့ထိုးမှာစိုးလို့) ရဲစခန်း လိုက်ပြီး သက်သေခံရမှာစိုးလို့ ရှောင်ကြတယ်။ မပြောကြဘူး။

မြန်မာ့ပတ်ဝန်းကျင်မှာလည်း ပြောရင် ပြောတဲ့သူကို သံသယရှိတတ်ကြတယ်။ ပြောရင် (၀ီစီမှုတ်ရင်) ပြောတဲ့သူဟာ ပြဿနာရှာတဲ့သူပဲ၊ အတို့အထောင်ပဲ၊ အလုပ်ရှုပ်အောင်လုပ်တဲ့သူလို့ ထင်ကြတယ်။

မြန်မာနိုင်ငံက အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့မှာ ၀ီစီမှုတ်နိုင်တဲ့ပေါ်လစီကိုကျင့်သုံးပေမယ့် မအောင်မြင်ကြောင်း၊ ပြောဆိုကြတဲ့သူမရှိကြောင်းကို အဲဒီအဖွဲ့အစည်းတစ်ခုမှာလုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကပြောတာကို မကြာမီက ဟောပြောပွဲ တစ်ခုမှာကြားခဲ့ရပါတယ်။ အဓိကကတော့ အမုန်းမခံချင်တာ၊ ကြောက်ကြတာကြောင့် ရှောင်ကြတာဖြစ်ပါတယ်။ ဒီဓလေ့ (၀ီစီမှုတ်တဲ့ကိစ္စ)နဲ့ မယဉ်ပါး သေးတာလည်း ပါတာပေါ့။

ဝီစီမှုတ်သူကို ကာကွယ်ပေးရမယ်

ဝီစီမှုတ်တဲ့ပေါ်လစီကျင့်သုံးမယ်ဆိုရင် ၀ီစီမှုတ်တဲ့သူကို ကာကွယ်ပေးဖို့လိုတယ်။ မဟုတ်ရင် သူက အဖွဲ့ အစည်းအတွက်၊ နိုင်ငံအတွက်လည်း ကောင်းရာမှန်ရာဖြစ်အောင်လုပ်ရသေး၊ ဒုက္ခလည်းရောက်သေးဆိုရင် မဟုတ်သေးဘူး။ ဒါပေမယ့် တစ်ခါတစ်ခါတော့ ကိုယ်ဒုက္ခရောက်မှာကို သိရက်နဲ့ အများအတွက်စွန့်ပြီး လုပ်ကိုင် ပေးသူတွေကို တွေ့ရတတ်ပါတယ်။

ပြည်သူတွေကိုရောင်းချတဲ့ အစားအသောက်တွေ ကျန်းမာရေးနဲ့ညီညွတ်မှု မရှိတာတွေ၊ တားမြစ်ထားတဲ့ ဆိုးဆေးတွေ၊ အန္တရာယ်ရှိတဲ့ ဓာတုဗေဒ ပစ္စည်းတွေသုံးတာ၊ သန့်ရှင်းမှုမရှိတာတွေကို တွေ့နေမြင်ကြပေမယ့် ထုတ်ဖော်ပြောဆိုသူနည်းတယ်။ ဒီလိုပဲ စားနေသောက်နေကြတာပဲ။ တချို့လုပ်ငန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးတာတွေ၊ ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ်ထိခိုက်တာ တွေရှိတယ်။

ဒါတွေကို ထိန်းသိမ်းကြပ်မတ်အရေးယူတဲ့ အဖွဲ့အစည်းတွေရှိတယ်ဆိုပေမယ့် ပြည်သူတွေ ကိုယ်တိုင်ကလည်း ပါဝင်ဖို့လိုတာတွေရှိတယ်။ အသက်အရွယ်မရောက်သေးတဲ့ကလေးတွေကို ခိုင်းစေတာ၊ လူကုန်ကူးတာ၊ လိင်ဖျော်ဖြေမှုလုပ်ငန်းတွေမှာ သုံးတာတွေကို ၀ိုင်းပြီးတိုက်ဖျက်(၀ီစီမှုတ်ကြ)ရမှာပဲ။

တစ်ခါယဉ်ကျေးမှုနဲ့ မညီတာတွေရှိပြန်တယ်။ ဒါတွေကိုလည်း ထုတ်ဖော်ကြရမယ်။ အရေးယူရမယ်။ အခုမပြောဘဲ (၀ီစီမမှုတ်ဘဲ) ထားလိုက်ရင် လက်ခံတယ်ထင်ပြီး နောက်ဆိုပိုဆိုးလာတော့မှာပေါ့။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူမှဥပဒေအထက်မရှိလို့ အရေးယူစရာရှိတာကိုတော့ အရေးယူရမှာပဲဖြစ်တယ်။

နောက်အများပြည်သူထည့်ဝင်ထားတဲ့ ငွေကြေးတွေကို အလွဲသုံးစားလုပ်တာတွေ၊ ပစ္စည်းတွေကို အလွဲသုံးစား လုပ်တာတွေကိုတွေ့ရင်၊ ကြိုတင်သိရင် ၀ီစီမှုတ် ကြရမယ်။ လွန်မှပြောရင်သိရရင် နောက်ကျကုန်မယ်။ အများကြီးဆုံးရှုံးကုန်မယ်။ အခုဆိုရင် အများပိုင်ကုမ္ပဏီတွေတည် ထောင်လုပ်ကိုင်ဖို့တွေရှိတယ်။ ဒီလုပ်ငန်း တွေမှာ ပွင့်လင်းမှုအများကြီးလိုတယ်။ ၀ီစီ မှုတ်သူတွေအများကြီးလိုတယ်။

နောက်ဥပဒေချိုးဖောက်မှုတွေ၊ အမျိုးကောင်းသမီးတွေကို စော်ကားတာတွေ၊ လိင်မတော်မတရားပြုမှုတွေ၊ လူမျိုးရေး ဘာသာရေးကြောင့် အနိုင်ကျင့်စော်ကားတာတွေကို သိနေပါရက်နဲ့မပြောရင် မပြောတဲ့သူအနေနဲ့ လူမှုတာဝန်မကျေဘူးလို့ ပြောရမှာပဲ။ တချို့ကိစ္စတွေဆိုရင် နိုင်ငံနဲ့ချီပြီး ထိခိုက်နိုင်တဲ့ကိစ္စတွေအထိပါပါတယ်။ ကိုယ်ပြောလိုက်လို့ (၀ီစီမှုတ်လိုက်လို့) နိုင်ငံနဲ့ချီပြီး လူမှုရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးကြည့်ရမယ်။

တကယ်တော့ ၀ီစီမှုတ်တာဟာ လွယ်သယောင်ရှိပေမယ့် ခက်ပါတယ်။ တာဝန်ကြီးပါတယ်။ အန္တရာယ်ရှိပါ တယ်။ ဒါကြောင့် နဂိုကတည်းက တင်းတိမ်ရောင့်ရဲတတ်တဲ့ အေးအေးနေတတ်တဲ့ မြန်မာတွေဟာ သူများကိစ္စမှာဝင်မပါတတ်ကြပါဘူး။ ငါနဲ့ မဆိုင်ပါဘူး။ ငါ့ကိစ္စမှမဟုတ်ပါဘူးဆိုပြီး ရှောင်တတ်ကြပါတယ်။ မရှောင်ပါနဲ့လုပ်ပါ (၀ီစီမှုတ်ပါ) ဆိုရင်တော့ သူတို့ကို ကာကွယ်ပေးဖို့လိုပါတယ်။ သူတို့ကို ဒုက္ခမပေးဖို့ လိုပါတယ်။ အရေးမယူဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် တစ်ခါလောက် အများအကျိုးအတွက်စွန့်ပြီး၊ စမ်းပြီးပြောတဲ့ ဆိုတဲ့သူတောင် ခါးသက်တဲ့တုံ့ပြန်မှုရခဲ့ရင် နောက်ဘယ်တော့မှ ပြောမှာဆိုမှာ (၀ီစီမှုတ်မှာ) မဟုတ်တော့ပါဘူး။

ဘယ်သူတွေမှုတ်မှာလဲ
ဝီစီမှုတ်ဖို့ဟာ ဘယ်သူ့တာဝန်ပဲ၊ ဘယ်ဝါ့တာဝန်ပဲတော့မဟုတ်ပါ။ တာဝန်သိတဲ့လူတိုင်းရဲ့ တာဝန်ဖြစ်ပါ တယ်။ ကိုယ့်အိမ်မှာ ကိုယ့်ရပ်ကွက်မှာ ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ့်ပါဝင်တဲ့ အသင်းအဖွဲ့မှာ ကိုယ့်နိုင်ငံတွင်းမှာ ၀ီစီမှုတ်နိုင်ပါတယ်။

အိမ်မှာ ကိုယ်ကကျောင်းသား (ကလေး)ဆိုရင် အဖေနဲ့အမေကို ပြောနိုင်ပါ တယ်။ မိဘမရှိရင် ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးနဲ့ အစ်ကို အစ်မစတဲ့ အိမ်ရဲ့ အကြီးအကဲကို ပြောလို့ရပါတယ်။ အိမ်က စတာကောင်းပါတယ်။ လုပ်ငန်းခွင်မှာဆိုရင်လည်း ကိုယ်က အငယ်တန်းဝန်ထမ်းဖြစ်ရင် မန်နေဂျာတို့ ကိုယ့်အလုပ်ကြပ်တို့ ကိုပြောနိုင်ပါတယ်။ ကိုယ်က လူကြီးဆိုရင်တော့ ဒါရိုက်တာအဖွဲ့တို့၊ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌတို့ကိုပြောဆိုသင့် (၀ီစီမှုတ်သင့်) ပါတယ်။

တာဝန်ရှိတဲ့ လူတိုင်းက ၀ီစီမှုတ်နိုင်ပါတယ်။ ပညာတတ်အချို့ကတော့ ၀ီစီမှုတ်တဲ့အလုပ်က မီဒီယာတွေရဲ့ အလုပ်ပဲလို့ပြောတယ်။ မဟုတ်တာမမှန်တာတွေကို တာဝန်ရှိတဲ့သူတွေသိအောင် အများသိအောင် မီဒီယာတွေမှာ တာဝန်ရှိတယ်လို့ပြောကြတယ်။ တကယ်တော့ မီဒီယာချည်း တာဝန်ရှိတာမဟုတ်ပါဘူး။ အားလုံးမှာတာဝန်ရှိပါတယ်။ အားလုံးဝီစီမှုတ်နိုင်ပါ တယ်။

အားလုံးကောင်းဖို့ ၀ီစီမှုတ်ပါ

ရည်ရွယ်ချက်မှန်ရင် ရလဒ်ကောင်းထွက်ပါတယ်ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။ ကိုယ့်ရည်ရွယ်ချက်အမှန်ကို က မတရားမှုတွေပျောက်ဖို့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်ရပ်ရွာဖြစ်ဖို့ အေးချမ်းပြီးဥပဒေစိုးမိုးတဲ့ လူ့ဘောင်ဖြစ်ဖို့ ပျော်ရွှင်တဲ့လူ့အသိုက်အ၀န်းဖြစ်ဖို့ဆိုရင် အများအတွက် အားလုံးကောင်းဖို့အတွက်ဆိုရင်တော့ ရဲရဲဝံ့ဝံ့ ပြောကြဆိုကြ (၀ီစီမှုတ်ကြ) ရမှာပဲဖြစ်ပါတယ်။

(10-07-07)တွင် Myanmar Info-Tech ၌ ကျင်းသော ဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ဟောပြောပွဲမှရသောအသိကို အခြေတည်၍ လေ့လာ ကိုးကားရေးသားပါသည်။
7Day News 6/19 (25-07-07) တွင် ဖော်ပြပြီးဖြစ်သည်။

Saturday, July 14, 2007

မချမ်းသာခြင်းအကြောင်းရင်း



မချမ်းသာခြင်းအကြောင်းရင်းမှာ အမှန်တကယ်မချမ်းသာချင်၍သာဖြစ်ကြောင်း ရေးသားတင်ပြထားပါသည်။

တကယ်တန်ရဲ့လား



တကယ်တန်ရဲ့လားဆောင်းပါးလေးမှာ မိမိတို့တန်ဖိုးများကို ပြန်လည်ဆန်းစစ်စေချင်သော စေတနာဖြင့်ရေးခဲ့ခြင်းဖြစ်သည်။

Saturday, June 30, 2007

You Should Die.


You did not do anything. So you should not live. Die.

လုပ်ချင်တာလုပ် အကောင်းဆုံးလုပ်




ဖတ်ကြည့်လိုက်ပါ၊ ကြိုက်မှာပါ။

Saturday, June 23, 2007

အာရှ၏ဒုတိယရှော့ခ်


ဖတ်ကြည့်ပါ
ပြီးတော့ ကိုယ်လည်း လူလတ်တန်းစားထဲ
ပါအောင် ကြိုးစားပါ
အဲဒီထက်မြင့်သွားတော့ ပိုကောင်းတာပေါ့။

လူစစ်စစ်ဖြစ်ခွင့်ပေးပါ


ကိုယ့်ကိုယ်ကိုယ် လူမဖြစ်သေးဘူးထင်လို့
အားငယ်မိတာ အကြိမ်ကြိမ်
သေများတောင် သေချင်မိပါရဲ့
ဆိုးလှတဲ့ကံ
မကျေနပ်တဲ့ဥာဏ်ကြောင့်
ကဗျာတစ်ပုဒ်ဖွင့်ဟအန်
လူစစ်စစ်ဖြစ်ခွင့်ပေးပါ။
မျိုး